ဟင်္သာတ ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဇွန်လ ၁ ရက်နေ့ နေ့လယ်ပိုင်းက ဟင်္သာတမြို့နယ် အိပ်ပျက်အုပ်စု ဖောင်ဆိပ်ကျေးရွာသို့ရောက်ရှိကာ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုမှကာကွယ်ရန် မြစ်ကမ်းထိမ်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် တာငါးဆယ်တောင်ရပ်ကွက်၊ ရွှေစေတီလမ်းရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ပြည်ထောင်စုခန်းမတွင် နိုင်ငံတော် အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ဟင်္သာတမြို့နယ်ဦးစီးမှူးရုံးမှ လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်ပေးခြင်း အခမ်းအနားသို့တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းနှင့် ပညာရေးဝန်ကြီး ဌာန၏ Football for School အစီအစဉ်အရ အခြေခံပညာကျောင်းများသို့ ခွဲဝေပေးသော Adidas Size -4 ဘောလုံးများအား ထောက်ပံပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်မေသန်းဦး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး မန်းသိန်းကျော်၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုးညွန့်တို့မှ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကျောင်းသား၊ ကျောင်းသူများထံသို့ အသီးသီးပေးအပ်ခဲ့ကြသည်။ အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ကျောင်းသား၊ ကျောင်းသူ များအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် (UID) ပြုလုပ်ဆောင်ရွက်ပေးနေမှုတို့အား လိုက်လံ ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းဘဲတန်းရပ်၊ နွယ်သာကီလမ်းရှိ သူနာပြု သားဖွားသင်တန်းကျောင်းသို့ရောက်ရှိခဲ့ပြီး အဆိုပါသင်တန်းကျောင်းခန်းမတွင်ကျင်းပသော နဝမအကြိမ်မြောက် သူနာပြုသားဖွား ဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များ သူနာပြုသားဖွား ဒီပလိုမာဘွဲ့ရ ကျောင်းသား၊ ကျောင်းသူများ၊ နည်းပြဆရာ၊ ဆရာမများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆွေမျိုးများအား ရင်းရင်းနှီးနှီး လိုက်လံနူတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)