ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဟင်္သာတခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပုသိမ် ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ဟင်္သာတခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်များ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုသို့ရောက်ရှိ၍ ကျေးရွာများ မြစ်ရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်းများအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဆောင်ရွက်သည့် Geotextile ကမ်းထိန်းတမံ အလျား(၂၁၀၀)ပေ တည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှုနှင့် သောင်တူးဖော်ခြင်းအလျား (၂၆၃၀) မီတာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်း‌ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ်  တိုင်းဒေသကြီးဝန်ကြီးချုပ်က မိုးရာသီကိုရောက်ရှိပြီဖြစ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ မြစ်ကမ်းထိန်းလုပ်ငန်းများနှင့် တာတမံများကြံ့ခိုင်ရေး လုပ်ငန်းများကိုလည်း အစဉ်အမြဲစစ်ဆေးဆောင်ရွက်သွားရန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ ပြည်ထောင်စုခန်းမတွင်ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်အား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးရုံးက “လမင်းစီမံချက်”ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်း အခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Football for School အစီအစဉ်အရ အခြေခံပညာကျောင်းများသို့ ခွဲဝေပေးသောဘောလုံးများကို ပေးအပ်ခဲ့ကာ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများနှင့် ကျောင်းစာကြည့်တိုက် တို့အား ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကာ ကျောင်းစာကြည့်တိုက်အတွက် အလှူငွေများပေးအပ်ခဲ့‌ကြောင်း သိရှိရသည်။

ထိုမှတဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့သူနာပြု သင်တန်းကျောင်းတွင် ပြုလုပ်သည့် နဝမအကြိမ်သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားကာ သစ်လွင်သူနာပြုမောင်မယ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး သစ်လွင်သူနာပြုမောင်မယ်များနှင့်မိဘများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)