ပုသိမ် ဇွန် ၂
၂၀၂၆-၂၀၂၇ ခုနှစ်၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းမြေမြှုပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာရှိ တောင်သူဦးနိုင်ဝင်းဆွေ၏ စိုက်ဧက (၂.၅၀)ဧကတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူများနှင့်အတူ တက်ရောက်အားပေးကြည့်ရှုခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းမြေမြှုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ကာ တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးသီးနှံများ အထွက်နှုန်း တိုးတက်စေရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)နှင့် သဘာဝမြေဩဇာနှင့် ဇီဝမြေဩဇာများကို အချိုးကျထည့်သွင်းအသုံးပြုစေရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများအား သွင်းအားစုများပံ့ပိုးပေးနေမှုများကို ဆွေးနွေးပြောကြားခဲ့ကာ တောင်သူများ၏တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးသိုင်းချောင်းမြို့၊ မအူကုန်ကျေးရွာအုပ်စု၊ ဒေါင့်မှန်ကုန်းကျေးရွာရှိ “ဇာမဏီ” ဒေသနွားနှင့် အသားတိုးနွားမွေးမြူရေးခြံသို့ သွားရောက်၍ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများဖြင့် ဇီဝမြေဩဇာ ထုတ်လုပ်မှု၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရမှုအခြေအနေများကို မေးမြန်းခဲ့ပြီး ဒေသနွားနှင့် အသားတိုးနွား အကောင်ရေစုစုပေါင်း (၁၃၇)ကောင်မွေးမြူထားရှိမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ထိုမှတဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ရှိ၍ ၂၀၂၆-၂၀၂၇ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ စတင်ကျောင်းတက်ရောက် ပညာသင်ကြားနေမှုများကို လိုက်လံ ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းနေအရွယ်ကလေးအားလုံးရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး၊ အတန်းစဉ်ကူးပြောင်းမှုများမကျန်ရှိစေရေး တာဝန်ရှိသူများအား မှာကြားခဲ့ကာ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျောင်းခန်းမအား ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့ကာ ခန်းမပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ဆက်လက်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“လေးမျက်နှာမြို့နယ်အနေဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မြို့နယ်အတွက်လိုအပ်သည့် စက်သုံးဆီအရောင်းဆိုင်နှင့် ဓာတ်အားခွဲရုံဖြစ်တည်ရေးအတွက်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာဒေသများမှ ကျောင်းတက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆရာ၊ ဆရာမများက နွေးထွေးစွာဖြင့် ဂရုစိုက်ပေးရန်လိုပါကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများကလည်း လိုအပ်သည်များကို ဝိုင်းဝန်းပံ့ပိုးပေးကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားကွင်းများ ဆောင်ရွက်ပေးရန်လည်းလိုပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားကြရန်နှင့် ဝတ်စားဆင်ယင်မှုများကိုလည်း ဂရုပြုဝတ်စားဆင်ယင်ကြရန်မှာကြားခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)