နတ်မောက် ဇွန် ၂
မကွေးတိုင်းဒေသကြီး ဆီထွက်သီးနှံအထူးဇုန်နှင့် နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆီထွက်သီးနှံများ စိုက်ဧကပြည့်မီရေး တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေး၊ စျေးကွက်ဝင်အရည်အသွေးကောင်း ထုတ်ကုန်များရရှိစေရေးအတွက် သီးနှံမျိုးစေ့များထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန မကွေးတိုင်းဒေသကြီးဆီထွက်သီးနှံအထူးဇုန် တာဝန်ခံ ဒုတိယတိုင်းဦးစီးမှူး ဦးငွေဆန်းက ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ အရည်အသွေးကောင်းထုတ်ကုန်ရရှိရေးတို့ကိုလည်းကောင်း၊ တိုင်းဒေသကြီး ရေအသုံးချရေးတာဝန်ခံ ဒေါ်သီတာဝင်းက ဓာတ်မြေသြဇာလျှော့ချသုံးစွဲ၍ သဘာဝမြေသြဇာပြောင်းလဲသုံးစွဲရေးနည်းလမ်းများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်ချိုက အထွက်နှုန်းကောင်းဆီထွက်သီးနှံမျိုးစေ့များ မျိုးသန့်ပွားများထုတ်လုပ်၍ ဆီထွက်သီးနှံစိုက်တောင်သူအားလုံး အထွက်နှုနိးကောင်းမျိုးကောင်း၊ မျိုးသန့်ပြောင်းလဲစိုက်ပျိုးနိုင်ရေး နည်းလမ်းများစသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် တောင်သူများအား နှမ်း၊ နေကြာ၊ ဝါနှင့် သစ်စိမ်းမြေသြဇာနှင့် ပိုက်ဆံလျှော်မျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လှဝင်း