၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ ပညာသင်ကြားပေးလျက်ရှိ

နေပြည်တော် ဇွန် ၂

၂၀၂၆ -၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ဇွန် ၁ ရက် နံနက်ပိုင်းကစတင်၍ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ကာ ပညာသင်ကြားပေးနေပြီဖြစ်ကြောင်းနှင့် ကျောင်းအပ်လက်ခံထားရှိသော ကျောင်းသားကျောင်းသူများက စိတ်အေးချမ်းစွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာနယ်မြေအလိုက် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျောင်းသားမိဘများက ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးနှင့်  ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်ကင်းရှင်းစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကျောင်းတက်ချိန်နှင့် ကျောင်းဆင်းချိန်များတွင် ကျောင်းသားကျောင်းသူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် နယ်မြေယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ရှမ်းပြည်နယ်အတွင်းရှိ ဆီဆိုင်မြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ မိုင်းဖြတ်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ ချောက်မြို့နယ်၊ လားရှိုးမြို့နယ်၊ မိုင်းနောက်မြို့နယ်၊ တန့်ယန်းမြို့နယ်၊ တာလေမြို့နယ်၊ သီပေါမြို့နယ်၊ မိုင်းပန်မြို့နယ်၊ ကလောမြို့နယ်၊ ဟိုပုံးမြို့နယ်၊ မူဆယ်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် မိုးနဲမြို့နယ်တို့တွင်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ နတ်မောက်မြို့နယ်၊ ချောက်မြို့နယ်၊ မင်းလှမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ မကွေးမြို့နယ်နှင့် ဂန့်ဂေါမြို့နယ်တို့တွင်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဇမ္ဗူသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့တွင်လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြန်/ဆက်