မင်းလှမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပြီး ပြန်လည်ရောက်ရှိသူများအား ကြိုဆိုဂုဏ်ပြုပွဲကျင်းပ

မင်းလှ ဇွန် ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးစီး၍ ပြန်လည်ရောက်ရှိလာသူများအား ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကို အမှတ် (၂) ရပ်ကွက်၊ ကန်ကြီးတန်းလမ်း၊ သီရိရတနာခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်ဖြင့် ပြည်သူ့စစ်မှုထမ်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၂) မှ ၃၀ ဦးတို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ပန်းကုံးများ၊ အောင်သပြေခက်များဖြင့် ကြိုဆိုကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက အမှာစကားပြောကြား၍ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီးစီးသူများက အတွေ့အကြုံများနှင့် ကျေးဇူးတင်စကားများ ပြောကြားသည်။

ထို့နောက် ပြည်သူ့စစ်မှုထမ်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်း (၃၀) ဦးတို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုငွေများနှင့် လက်ဆောင်ပစ္စည်များပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)