မကွေးတိုင်း‌ဒေသကြီးဝန်ကြီးချုပ် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (မကွေးဇုန်) နှင့် တွေ့ဆုံပွဲအခမ်းအနားတက်ရောက်

မကွေး ဇွန် ၂

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (မကွေးဇုန်)နှင့် တွေ့ဆုံပွဲအခမ်းအနား ကို ယမန်နေ့ နံနက် ၁၀ နာရီက မကွေးမြို့၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဟိုတယ်၊ တည်းခိုရိပ်သာလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ကအမှာစကားပြောကြားရာ ခရီးသွားလုပ်ငန်းသည် ဒေသ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရုံသာမက ယဉ်ကျေးမှုကို ဖော်ထုတ်ပြသပေးနိုင်ပြီး ဒေသ၏ငြိမ်းချမ်းသာယာမှုကိုပြသသည့် အရေးကြီးသောကဏ္ဍတစ်ခုလဲဖြစ်ပါ‌ကြောင်း၊ ခရီးသွားဧည့်သည်လာရောက်မှု များပြားလာသည်နှင့်အမျှဒေသတွင်းဝင်ငွေ တိုးတက်လာမည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများလည်းပေါများလာမည်ဖြစ်ပါကြောင်း၊ ထိုသို့ဧည့်သည်များဝင်ရောက်မှုများပြားလာစေရန်အတွက် ဟိုတယ်များ၏ ဝန်ဆောင်မှု၊ နေရာထိုင်ခင်းနှင့် မကွေးတိုင်းဒေသကြီး၏ နွေးထွေးသော ဧည့်ဝတ်ကျေပွန်မှုတို့က အဓိကကျပါ‌ကြောင်း၊ တစ်ဖက်တွင်လည်းအခြားဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံများကိုအတုယူကာသွားလာ၊ နေထိုင်၊ စားသောက်မှုများတွင်လာချင်စဖွယ်၊ နေချင် စဖွယ်ဖြစ်အောင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ၎င်းအပြင် "အိမ်သာလျှင် ဧည့်လာမည်" ဟူ သောစကားနှင့်အညီသာယာလှပပြီး စည်းကမ်းစနစ်ကျသည့် ပတ်ဝန်းကျင်ကောင်းများ ကိုဖန်တီးနိုင်ရေးအတွက် ဒေသခံတစ်ဦးချင်းစီက ကိုယ်စီအသိစိတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက ဟိုတယ်နှင့် ခရီးသွားကဏ္ဍဆိုင်ရာကိစ္စရပ်များကိုရှင်းလင်းတင်ပြပြီး၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (မကွေးဇုန်) ဥက္ကဋ္ဌက အသင်း၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။

ယင်းနောက် တက်ရောက်လာကြသည့် ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များက မိမိတို့လုပ်ငန်းကဏ္ဍအလိုက် မိတ်ဆက်ဆွေးနွေး တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များအပေါ်  သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)