ကမမောင်း ဇွန် ၂
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဖာပွန်မြို့နယ်ဦးစီးမှူး ရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက် UID (Unique Identity) ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကမမောင်းမြို့ရှိ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖာပွန် မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့်ဝန်ထမ်းများက အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ ရှိ ကျောင်းသား၊ ကျောင်းသူ (၁၀၄) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက် UID (Unique Identity) ထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်နေမှုများကို ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင် ဦးစီးမှူး ဦးထက်မောင်ဝင်း၊ ဖာပွန်မြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး ဦးစည်သူဖြိုး၊ မြို့နယ် ပညာရေးမှူး ဦးသိန်းဦး၊ ကမမောင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရသည်။
ကမမောင်း(ပြန်/ဆက်)