သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

သဲကုန်း မေ ၃၁

နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကြစို့​ ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်စေရန်၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရန်၊ ဂေဟစနစ်တည်ငြိမ်မှုအား အထောက်အကူပြု​စေရန်၊ ပြည်သူလူထုမှ သစ်ပင်စိုက်ပျိုးလိုစိတ်ဖြစ်ပေါ်လာပြီး သစ်တောသစ်ပင်များကို ချစ်ခင်တန်ဖိုးထားတတ်စေရန်နှင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ပုတီးကုန်း) ကျောင်းဝန်းအတွင်း ကျင်းပ​ပြုလုပ်ခဲ့သည်။

အဆိုပါ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဉ်ထွေး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ သဲကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းလွင်နှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္က​ဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၁၁၄)ဦးမှ အဆိုပါကျောင်းဝန်းအတွင်း ကျွန်း(၇၅)ပင်၊ မန်ဂျန်ရှား(၇၅)ပင် စသည့် ပျိုးပင်ပေါင်း (၁၅၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့သည်။

သဲကုန်းမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် မြို့မပျိုးဥယျာဉ်၌ ၂၀၂၆ ခုနှစ် မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးရန်၊ ဒေသတွင်းစိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်အတွက် ပျိုးပင်ပေါင်း(၂၅၀၀၀) ဖြန့်ဝေစိုက်ပျိုးရန် ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရှိရသည်။

ကိုကျော် (သဲကုန်း)