ဒေးဒရဲ မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်ကျောင်းက ကျောင်းသား၊ ကျောင်းသူများက ကျောင်းအပ်နှံကြပါစို့သီချင်းဖြင့် သီဆိုဂုဏ်ပြုဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးက နိုင်ငံတော်စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး အနာဂတ်လူငယ်များသည် အဓိကအရေးပါ၍ ကျောင်းသား၊ ကျောင်းသူတိုင်း ပညာသင်အခွင့်အလမ်းများ ပိုမိုရရှိစေရေး အခမဲ့ပညာရေးစနစ်များ ဖော်ဆောင်ပေးလျက်ရှိရာ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် လူငယ်များပေါ်ထွန်းလာစေရေး ဒေသအာဏာပိုင်များနှင့် ဆရာ၊ ဆရာမများ ပူးပေါင်းဆောင်ရွက်သွားကြရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်က နိုင်ငံတော်အနေဖြင့် အရွယ်ရောက်သူ ကလေးတိုင်း KG+9 အခြေခံပညာအလယ်တန်းအဆင့် ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရေး၊ အရွယ်ရောက်သူ ကလေးတိုင်း ပညာသင်ယူခွင့်ရရှိရေးအတွက် အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းဝတ်စုံများ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကရိယာများ အခမဲ့ထောက်ပံ့ပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ ပညာတတ်လူငယ်များ ပေါ်ထွန်းလာစေရေး၊ ကလေးများ ပညာသင်ယူခွင့် ရရှိရေးအတွက် ဌာနဆိုင်ရာများ၊ ဆရာ၊ မိဘများ၊ အဖွဲ့အစည်းများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များက ချီးမြှင့်ငွေ၊ ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံနှင့် စာရေးကရိယာများအား ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့နောက် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းက ကျောင်းသား၊ ကျောင်းသူများက တို့ကျောင်းတော်သီချင်းသီဆို၍ အခမ်းအနားကို ပိတ်သိမ်းပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း