ရွှေဘိုမြို့၌ စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ရွှေဘို မေ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးကျင်းပသော အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းမှ စက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို မေလ(၂၉)ရက်နေ့ နံနက်(၁၀)နာရီက ရွှေဘိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌  ကျင်းပပြုလုပ်ခဲ့ရာ  ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့်သင်တန်းသူများ တက်ရောက်ခဲ့သည်။

ဦးစွာ ရွှေဘိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးက သင်တန်းဖွင့် အမှာစကားပြောကြားရာ “အသေးစား၊ စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်စေနိုင်မည် ဖြစ်ကြောင်း၊ အသေးစား ကုန်ထုတ်လုပ်ငန်းများ ထူထောင်ပေးခြင်းဖြင့် ကျေးလက်နေ ပြည်သူများကိုပါ အလုပ်အကိုင် အခွင့်အလမ်းများပါ ဖန်တီးပေး နိုင်ပြီး မိသားစုဝင်ငွေတိုးပွားရေးကို အထောက်အကူပြုစေမှာဖြစ်ကြောင်း” ပြောကြားခဲ့သည်။ ဆက်လက်ပြီး ရွှေဘိုခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ သင်တန်းသုံးကုန်ကြမ်းပစ္စည်းပေးအပ်ရာ သင်တန်းသူတစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် သင်တန်းသူ(၁၂)ဦးအား စက်ချုပ်သင်တန်းသုံးပစ္စည်းများ ကိုင်တွယ် အသုံးပြုပုံ၊ အခြေခံစက်နင်းနည်း၊ ကိုယ်တိုင်းနည်း၊ Pattern ဆွဲနည်း၊ အမျိုးသမီးဝတ်အင်္ကျီ အမျိုးမျိုးချုပ်နည်း၊ သင်္ဘောသားအင်္ကျီချုပ်နည်း၊ ဂါဝန်ချုပ်နည်း၊ စကပ်ချုပ်နည်း စသည်တို့ကို (၂၉.၅.၂၀၂၆)ရက်နေ့မှ (၂၇.၆.၂၀၂၆)ရက်နေ့အထိ စာတွေ့ ၃၀% နှင့် လက်တွေ့ ၇၀% သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းမှ အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသူ (၅) ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ထွန်းခိုင်(ပြန်/ဆက်)