ပဲခူး မေ ၃၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူငယ်များအတွက် ဖွင့်လှစ်ခဲ့သော အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို မေလ(၃၀)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးလူငယ်စင်တာခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူငယ်များအနေဖြင့် ဘဝရပ်တည်မှုအတွက် ခိုင်မာတဲ့အသက်မွေးဝမ်းကျောင်းပညာရပ် ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားဖို့ လိုအပ်ပါကြောင်း မိမိတို့အစိုးရအဖွဲ့အနေနဲ့ တိုင်းရင်းသားလူငယ်များရဲ့ အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရေး၊ မိသားစုအပိုဝင်ငွေ ရှာဖွေနိုင်စေရေး၊ တိုင်းရင်းသားဒေသများရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးစားပေးကဏ္ဍတစ်ခုအနေနဲ့ သတ်မှတ်ဆောင်ရွက်နေတဲ့အတွက် ယခုစက်ချုပ်သင်တန်းကို အကောင်အထည်ဖော် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ အဝတ်အထည်ဆိုတာ လူသားတွေရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ်ပြီး စက်ချုပ်ပညာရပ်ဆိုတာ လူသားတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ အဝတ်အစားနဲ့ဆက်စပ်နေတဲ့အတွက် ဘယ်သောအခါမှ မရိုးနိုင်တဲ့၊ အမြဲတမ်းအသုံးဝင်နေမဲ့ အတတ်ပညာတစ်ခုဖြစ်ပါကြောင်း၊ ဒီသင်တန်းကနေသင်ကြားပေးမဲ့ အခြေခံစက်ချုပ်နည်းစနစ်တွေကို စနစ်တကျ လေ့လာသင်ယူသွားမယ်ဆိုရင် မိမိအတွက်သာမက၊ မိသားစုစီးပွားရေး လုပ်ငန်းတစ်ခုအထိပါ လုပ်ကိုင်လာနိုင်မှာဖြစ်ပါကြောင်း၊ ဒါ့အပြင် ပဲခူးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အထည်ချုပ်စက်ရုံတွေမှာလည်း အကိုင်အခွင့်အလမ်းတွေကိုပါ ရရှိလာမှာ ဖြစ်ပါကြောင်း၊ သင်တန်းပြီးဆုံးသွားပြီဖြစ်သော်လည်း မိမိတို့တတ်မြောက်ထားတဲ့ ပညာရပ်ကို ဒီမျှနဲ့တင်ရောင့်ရဲမနေဘဲ ခေတ်အလိုက် ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာတွေ၊ ဒီဇိုင်းအသစ်အဆန်းတွေကို ဆက်လက်လေ့လာ ဆည်းပူးသွားကြဖို့ လိုအပ်ပါတယ်။
မိမိတို့အစိုးရအဖွဲ့အနေနဲ့လည်း ယခုလိုသက်မွေးပညာရပ် တတ်မြောက်ထားသူများအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနဲ့ ဈေးကွက်ချိတ်ဆက်မှု ရရှိစေရေးအတွက် ဆက်လက်ပြီး တွန်းအားပေးပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အခြေခံစက်ချုပ်သင်တန်း၊ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်လက်မှတ်များ ပေးအပ်ပြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ အခြေခံစက်ချုပ်သင်တန်းအတွက် ခင်းကျင်းပြသထားသော သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူငယ်များအတွက် "ဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းအား မေလ(၁၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား/သင်တန်းသူ (၂၀)ဦးတက်ရောက်ကာ သင်တန်းနည်းပြဆရာ/ဆရာမများက အခြေခံ လက်ပြတ် (ရင်စေ့)၊ ခေါင်းစွပ် လက်ပြတ်၊ ရင်စေ့ လက်ဆက်၊ ရင်ဖုံး လက်ဖောင်း၊ ဂျပန်ကော်လံထောင်၊ နောက်ကွဲဇစ် (ပုံစံအမျိုးမျိုး)၊ စတစ်ကော်လံ (လက်ဖောင်း(သို့) ရိုးရိုးလက်)၊ ဟာဝေယံရှပ်၊ ညဝတ်ဘောင်းဘီ၊ ချိတ်ထမီ၊ သုံးလွှာစကပ်စသည်တို့ကို စာတွေ့၊ လက်တွေ့သင်ကြားပေးခဲ့ကြောင်း သတင်းရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)