မုံရွာ မေ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေးနှင့်ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် သွားလာနိုင်ရေးအတွက် မေလ ၃၀ ရက် နံနက်ပိုင်းတွင် မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်ရှိ မုံရွာ-ချောင်းဦးကားလမ်း မြို့အထွက်တွင် စည်ပင် သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများမှ လမ်းဘေးဝဲ/ယာရှိ သစ်ပင်ခြုံနွယ်များ၊ ပလပ်စတစ်အမှိုက်များအား သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ရန်ကင်းရပ်ကွက်ရှိ ချင်းတွင်းမြင့်ဟိုတယ်၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက် ရောက်ကြသည်။
ဦီးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက တိုင်းဒေသကြီး ဟိုတယ်လုပ်ငန်း၊ ခရီးသွား လုပ်ငန်း ကော်မတီအဖွဲ့ဝင်များအနေဖြင့် မိမိတို့တိုင်းဒေသကြီးအတွင်းရှိ အထင်ကရနေရာများ၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာနေရာများ၊ ချင်းတွင်းမြစ်သာယာလှပရေး၊ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန်နှင့် ဒေသခံပြည်သူလူထု အကျိုးရှိစေမည့်စီးပွားရေးလုပ်ငန်းများအား လုပ်ဆောင်ရင်း ခရီးသွားလုပ်ငန်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ကော်မတီအဖွဲ့ဝင်အားလုံးမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဟိုတယ်/တည်းခိုခန်း လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် လိုအပ်သည်များရှိပါက မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ဆွေးနွေးတင်ပြသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဟိုတယ်/တည်းခိုခန်းများမှ လုပ်ငန်းရှင်များက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဖြည့်ဆည်း ကူညီပေးရန်လိုအပ်မှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)