ကျောက်တံခါးမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီ(အကြို) သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ကျောက်တံခါး မေ ၃၁   

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ မိုးရာသီ(အကြို) သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ဘိုင်းဒါးကြိုးဝိုင်း၊ အကွက်အမှတ် (၉၇)၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၇၇/၇)အနီး၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်ဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်း ၂၄၅ ဦးတို့မှ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ကံ့ကော်နှင့် ခရေပျိုးပင်ပေါင်း ၁၂၁၀ ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)