ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် တိုင်းဒေသကြီးအဆင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ အခမ်းအနား တက်ရောက်

ပုသိမ် မေ ၃၁

တိုင်းဒေသကြီးအဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊  ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျော့ချနိုင်ရန်နှင့် တိုးပွားလာသည့် ရန်ပုံငွေများကို ကျေးရွာအတွက် အမှန်တကယ် လိုအပ်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကျေးရွာမှကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ကျေးလက်လူထုစွမ်းဆောင်ရည် တိုးတက်လာစေရန်နှင့် မမျှော်မှန်းနိုင်သည့် ဘေးအန္တရာယ်များ ကျရောက်လာပါက တုန့်ပြန်မှုအားကောင်းသည့် လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲတွင် အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်ပြီးစီမံကိန်းကို ဆက်လက်ဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းသုံးသပ်အကြံပေးကြရန်နှင့်  ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး စိတ်စေတနာအပြည့်ဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန်” ပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း ဂုဏ်ထူး ဆောင်ဆု၊ စံပြကျေးရွာဆုနှင့် ဂုဏ်ပြုဆုရရှိသည့် ကျေးရွာများကို ဆုများချီးမြှင့်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တိုင်းဒေသကြီးအတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်ခဲ့မှုမှတ်တမ်းများနှင့် ခရိုင်အလိုက် ပြသထားသော ပြခန်းများအား ကြည့်ရှုအားပေးခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)