ကြံခင်း မေ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာန ဧရာဦးခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော “မူးယစ် ဆေးဝါးအန္တရာယ် ဝိုင်းဝန်းတားဆီးကာကွယ်” ခေါင်းစဥ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် မူးယစ်ဆေးဝါးပြဿနာသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ပျက်သုဉ်းအောင်ဆောင်ရွက်သည့်ဆိုရာ၌ လူ့အသိုင်းဝိုင်းတစ်ခုအတွင်း ထိခိုက်ခြင်းသာမက နိုင်ငံတစ်ခုချင်းစီ၏ တည်ငြိမ်အေးချမ်းမှုကိုပါ ထိခိုက်နိုင်တဲ့အပြင် အနာဂတ်လူ့ဘောင်လောက ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ထိခိုက်နိုင်သဖြင့် ယခုလို မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အသိပညာပေးလုပ်ငန်းများ၊ စကားဝိုင်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် “မူးယစ်ဆေးဝါးအန္တရာယ် ဝိုင်းဝန်းတားဆီးကာကွယ်” ခေါင်းစဥ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)အား ကျင်းပရာ အစီအစဉ်စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ပြည်သူ့စကားဝိုင်းအား ဦးဆောင်ဆွေးနွေးကာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦပြည့်ဖြိုးအောင်က မူးယစ်ရန်စွယ်တို့ ကာကွယ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ ဦးရဲနိုင်က မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်းပြုလျှင်ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များအားလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် ဇော်ဝင်းအောင်က မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ စစ်ဆေးရှာဖွေရေးနှင့် အသိပညာပေးလုပ်ငန်းများအားလည်းကောင်း၊ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးတိုးတိုးက ကျောင်းသား လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအားလည်းကောင်း၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဦးကျော်ကျော်စန်းက မူးယစ်ဆေးဝါး အန္တရာယ်သုံးစွဲခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများကို အသီးသီးဟောပြောဆွေးနွေး ကြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များအား မေးမြန်းခဲ့ရာ ဆွေးနွေးပွဲတွင်ပါဝင်ကြသူများက ကဏ္ဍအလိုက်အသီးသီးပြန်လည်ဆွေးနွေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါ ပြည်သူ့စကားဝိုင်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီခေတ္တဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာ များနှင့်လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ စုစုပေါင်းအင်အား ၂၀၀ ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသူများအား ဧရာဝတီတိုင်းဒေသကြီး၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းက အချိုရည်များဖြင့် ဧည့်ခံကျွေးမွေး ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)