ကြံခင်းမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် (မြို့နယ်အဆင့်)ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကြံခင်း မေ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အ.ထ.က(၁) အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားကို အ.ထ.က (၁) ကျောင်းသား၊ ကျောင်းသူများက "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်တို့က အဖွင့်အမှာစကားပြောကြားရာတွင် အနာဂတ်မျိုးဆက်သစ် ပညာတတ်လူငယ်၊ လူရွယ်များပေါ်ထွက်လာစေရေး၊ မိဘ၊ ဆရာ၊ ကျောင်းသားပူးပေါင်းဆောင်ရွက်မှသာ ရာနှုန်းပြည့်ကျောင်းအပ်နှံရေး အောင်မြင်လာမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍  ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်အောင်စိုးက ကျောင်းအပ်နှံရေးဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ တို့က ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် နိုင်ငံတော်နှင့် ပညာရေးဝန်ကြီးဌာနမှ(အခမဲ့)ပေးအပ်သော ကျောင်းသုံးပုံနှိပ်ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံနှင့် ကျောင်းဝတ်စုံများ‌ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက အသီးသီးလက်ခံရယူကြသည်။ ထို့နောက်  အ.ထ.က(၂) ကျောင်းသား၊ ကျောင်းသူများက "ဇာတိမာန်သီချင်း" ဖြင့်သီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြ သည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီးနှင့်ဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)