ငါးသိုင်းချောင်းမြို့တွင် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲကျင်းပ

ငါးသိုင်းချောင်း မေ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ “ကျေးလက်ဒေသဖွံ့ဖြိုးရေး”ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကို မေလ (၂၈) ရက်နေ့ နေ့လယ်ပိုင်းက မအူကုန်ကျေးရွာအုပ်စု၊ အောင်မင်္ဂလာဘုန်းကြီးကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။

ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိချော၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်လင်းတို့က ဦးစွာ အဖွင့်အမှာစကား‌ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်မာလာအောင်က ပြည်သူ့စကား၀ိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိချော၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်စိုး၊ ကျေးလက်ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်အိမွန်လတ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရးမှူး ဦးလိန်းကွီး၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မြတ်ဆုမွန်၊ မြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်လှမြင့်တို့က ရက်(၁၀၀) စီမံချက်ဖြစ်သည့် စိုက်ပျိုးစရိတ် ချေးငွေများကို တိုးမြှင့်ချီးပေးခြင်းများ ဆောင်ရွက်ပေးနေခြင်း၊ ဓာတ်မြေဩဇာများ ကိုလာမည့်သုံးရက်နေ့မှစ၍ စရိတ်သက်သာ စွာထုတ်ချေးပေးခြင်းများ၊ ကျောင်းဖွင့်ပြီဖြစ်သဖြင့် ရာနှုန်းပြည့်ကလေးများအား ကျောင်းအပ်နှံရေးအတွက် တိုက်တွန်းပြောကြားခြင်း၊ မြို့၊ ရပ်ကွက်၊ ကျေးရွာများစနစ်တကျ ဖွဲ့စည်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကူးစက်ရောဂါများ ကျဆင်းစေရေးတွင် ဆောင်ရွက်ပေးနေခြင်းများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းရရှိရေးဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးသည်။

ထို့နောက် ဆွေးနွေးမှုများအပေါ် ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျေးရွာနေ ပြည်သူများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက အသီးသီး ပြန်လည်ဖြေကြား ဆွေးနွေးသည်။

အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အိအိချော၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးခင်စိုး၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်လင်းနှင့် မြို့နယ်အဆင့်တာဝန်ရှိသူများ၊ မြို့စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထက်အောင်နှင့် မြို့ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)