မအူပင် မေ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ မေ ၂၈ ရက်နေ့နံနက် ၉ နာရီက " မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း HI-MNCH Project မှ Refresher Training for MMCWA Volunteer on MNCH and GBV သင်တန်းဖွင့်ပွဲ အခမ်းအနားအား ကျင်းပရာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်သက်သက်ဆွေ၊ တိုင်းကြီးကြပ်အဖွဲ့ဥက္ကဋ္ဌ ဒေါ်မိုးသူတင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်အဖွဲ့ဥက္ကဋ္ဌ ဒေါ်ဌေးဌေးမော်၊ မြို့နယ်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းသား/သင်တန်းသူများတက် ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကမှ အမှာစကားပြောကြားသည်။ ယင်းနောက် သင်တန်းသား၊သင်တန်းသူများအား နည်းပြဆရာ၊ ဆရာမများမှ သင်တန်းပိုချသင်ကြားခဲ့ကြသည်။ ဆက်လက်၍ အဆိုပါအဖွဲ့သည် မအူပင်မြို့နယ် အသင်းပိုင်သားဖွားခန်းသို့ရောက်ရှိပြီး သားဖွားခန်းအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး သားဖွားခန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
၎င်းနောက် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ အာဟာရဖြည့် အစားအစာများနှင့် ပံ့ပိုးငွေပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ အမှတ် ၈ ရပ်ကွက်ရှိ မအူပင်ဘိုးဘွားရိပ်သာသို့ရောက်ရှိပြီး ဘိုးဘွား(၃၉)ဦးတို့အား တစ်နေ့စာအာဟာရဒါနအဖြစ် ဆန်၊ ဆီ နှင့်အလှူငွေများလှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်ဆက်)