ကျောင်းကုန်း မေ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဝက်ချောင်းအုပ်စု၊ ဝက်ချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျေးလက်ဒေသဖွံ့ဖြိူးရေး ပြည်သူ့စကားဝိုင်းကို မေ ၂၈ ရက်နေ့နံနက် ၁၁ နာရီခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပညာတတ်ဖို့ လိုကြောင်းပညာရေးသည် အဓိကအခန်းကဏ္ဍဖြစ်ကြောင်း၊ ဒေသဖွံဖြိုးရေးဖြစ်သည့်အတွက် မိမိတို့ဒေသမှလိုအပ်ချက်တွေတင်ပြကြဖို့ပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းစိန်က ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများအား မကြာမီကျင်းပပြုလုပ်မည့် လွှတ်တော်တွင် တင်ပြပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်က ကျေးလက်ကျန်းမာရေးပညာပေးခြင်းနှင့် ရွာလုံးကျွတ်ယင်လုံအိမ်သာဆောက်လုပ်ရေး စီမံချက်ချဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားပြီး၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ပြည်သူများက တင်ပြခဲ့ကြသည်။ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က ပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သက်ဆိုင်ရာဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းခဲ့ကြပြီး၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း က နိဂုံးချုပ်ပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)