ကျောက်ကြီး မေ ၂၉
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် တုံးကြီးကျေးရွာအုပ်စု သံဘိုကျေးရွာနှင့် ကျွဲခြံကျေးရွာရှိ တောင်သူများ၏ လယ်ကွက်တွင် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့် အဖွဲ့ဝင်များ စီမံညွှန်ကြားချက်အရ သဘာဝမြေသြဇာ(EM)ဘိုကာရှီ မြေဆွေးနည်းပညာပေး သရုပ်ပြပွဲပြုလုပ်ခဲ့သည်။
သရုပ်ပြပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးဆောင်ပြီး ကျေးလက်ဒေသနေတောင်သူများ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းလာပြီး ကျွဲ၊ နွား၊ တိရိစ္ဆာန် ကောင်ရေလျှော့နည်းလာသည်နှင့်အမျှ ယခင်ကဲ့သို့သဘာဝမြေသြဇာများ လယ်ယာမြေထဲသို့ မထည့်နိုင်ကြတော့ပဲ ဓါတုမြေသြဇာများသုံးစွဲလာကြခြင်းဖြင့် မြေဆီလွှာအတွင်းရှိ အကျိုးပြုဇီဝပိုးမွှားများ လျှော့နည်းလာပြီး မြေဆီလွှာထိခိုက်ပျက်စီးမှုမရှိစေရန် ကျေးရွာများရှိ စပါး၊ ပဲအမျိုးမျိုး၊ ကြံ၊ ပြောင်း၊ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများ စိုက်ပျိုးရာမှ ထွက်ရှိလာသော ဘေးထွက်ပစ္စည်းများနှင့် ကျေးရွာရှိစွန့်ပစ်အမှိုက်များအား အကျိုးရှိထိရောက်သောနည်းလမ်းများဖြင့် လယ်ယာမြေအတွင်း ပြန်လည်ထည့်သွင်းခြင်းဖြင့် ရေရှည်တည်တံ့သော မြေဆီလွှာပြုပြင်ထိန်းသိမ်းခြင်းနည်းလမ်းများအား တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန် ရည်ရွယ်၍ ပညာပေးသရုပ်ပြပွဲ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်မြေသြဇာနှင့် ဓာတုဆေးဝါးများသုံးစွဲခြင်းကြောင့် မြေဆီလွှာအတွင်းရှိ အကျိုးပြုဇီဝပိုးမွှားများ လျှော့နည်းလာခြင်းကို (EM) ဘိုကာရှီ မြေဆွေးများထည့်သွင်းခြင်းဖြင့် အကျိုးပြုအကူ ဇီဝပိုးမွှားများမြေဆီလွှာအတွင်းများပြားလာစေခြင်း၊ သီးနှံပင်များ ရောဂါဒဏ်ခံနိုင်မှုမြင့်မားလာပြီး မြေအတွင်းရှိ အကျိုးမပြုသော မြေအောင်းပိုးမွှားများကို လျှော့နည်းစေခြင်းဖြင့် မြေဆီလွှာတိုးတက်ပြီး ဓာတ်မြေသြဇာသုံးစွဲမှုလျှော့ချနိုင်ခြင်း၊ သီးနှံများ၏ အရည်အသွေးပိုမိုကောင်းမွန်လာ၍ အထွက်နှုန်းတိုးတက်စေပြီး ဈေးကွက်ပိုမိုရရှိစေခြင်းဖြင့် တောင်သူများဝင်ငွေတိုး၍ လူမှုစီးပွားဘဝတိုးတက်ကောင်းမွန်လာစေရန် နည်းပညာပေး သရုပ်ပြလုပ်ဆောင်ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်လွင် ပြောကြားချက်အရ သိရသည်။
အဆိုပါ သရုပ်ပြပွဲအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)