ငွေဆောင် မေ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ဆင်မကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးလုပ်ငန်းများ ပိုမိုချောမွေ့စေရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ပွဲကို ယမန်နေ့ နေ့လည်ပိုင်းက ဆင်မကျေးရွာရှိ အ.ထ.က (ဆင်မ) စာသင်ကျောင်းတွင် စနစ်တကျ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရွေးချယ်ပွဲသို့ ငွေဆောင်မြို့ အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ရွေးချယ်ရေးအဖွဲ့ဝင်များ၊ ဆင်မကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲအသီးသီးမှ အိမ်ထောင်စုကိုယ်စားလှယ် ပြည်သူလူထုများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မြို့အုပ်ချုပ်ရေးမှူးက အုပ်ချုပ်ရေးမှူးလောင်းအား မဲပေးရွေးချယ်ရာတွင် ပြည်သူများ သိသင့်သိထိုက်သည့် နည်းဥပဒေ၊ တရားဥပဒေများကို ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျင်းပခဲ့ပြီး တက်ရောက်လာသူ ဒေသခံပြည်သူများက လွတ်လပ်ပွင့်လင်းစွာ ဆန္ဒမဲပေးခဲ့ကြသည်။
ထို့နောက် မဲရေတွက်ခြင်း လုပ်ငန်းများကို ရွေးချယ်ရေးကော်မတီဝင်များက ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ပြီး မဲအများဆုံး ရရှိသူအား ဆင်မကျေးရွာအုပ်စု၏ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်အတည်ပြုခဲ့ကြကြောင်း သတင်းရသည်။
ငွေဆောင်(ပြန်/ဆက်)