အိမ်မဲမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်သူ့စကားဝိုင်း ကျင်းပ

အိမ်မဲ မေ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာ အ-ထ-က (ရွာသစ်) ပညာရတနာခန်းမတွင် ယမန်နေ့နံနက် (၉)နာရီက ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ပြည်သူ့စကားဝိုင်းကို ကျင်းပခဲ့သည်။

ဦးစွာ အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးက အဖွင့်အမှာစကားများကို ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစကားဝိုင်း ကျင်းပရာ အိမ်မဲမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးက “အနာဂတ်နိုင်ငံတော်နှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး”၊ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူးဦးပြည့်ဖြိုးကျော်က “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးမြင့်လွင်က “ဌာန၏ ရက် (၁၀၀)အတွင်း ဆောင်ရွက်ချက်များ”၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦစီးအရာရှိ ဦးနေဇော်အောင်က “ကျေးလက်နှင့် မြို့ပြကွာဟမှုမရှိစေရေးအတွက် ဌာန၏ဆောင်ရွက်မှုများ”၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝင်းအောင်ဖြိုးက “လယ်ယာမြေလုပ်ကိုင်ခွင့်ပုံစံ (၇) အမည်ပြောင်းလဲမှုနှင့် ပတ်သက်၍ဆောင်ရွက်ရမည့် အချက်များ”၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာတင့်တင့်စိုးက “ဌာန၏ ရက် (၁၀၀) အတွင်း ဆောင်ရွက်ချက်များနှင့် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး” ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသော ဒေသခံပြည်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

အဆိုပါ ပြည်သူ့စကားဝိုင်းကို ဒီမိုကရေစီအင်္ဂါရပ်များနှင့်အညီ အများပြည်သူအစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးတိုင်ပင်ရမည့်အကြောင်းကိစ္စရပ်များကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများအား ဖော်ဆောင်ပေးနိုင်ရန်၊ မိမိရပ်ရွာဒေသမှာ ဖြစ်ပေါ်နေသည့် အကြောင်းအရာများကိုအများ ပြည်သူကြားတွင် ဆွေးနွေးမှုများ ရှိလာစေရန်၊ ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှု မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ် (ပြန်/ဆက်)