ကျောက်ကြီး မေ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် မအူပင်ဆိပ်ကျေးရွာအုပ်စု ဆိပ်ကြီးကျေးရွာ Good Health ရေသန့်စက်ခန်းမတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ စီမံညွှန်ကြားချက်အရ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်ပြီး စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်း တက်ရောက်အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးထွန်းက ပြည်သူ့လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ ဟောပြောပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဆွေလွင်ဦးက နိုင်ငံသားလုပ်ငန်းဆိုင်ရာကိစ္စရပ်များ ဟောပြောဆွေးနွေးခြင်း၊ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ Dr စောသထောက မွေးမြူရေးဆိုင်ရာကိစ္စရပ်များ ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်အောင်မျိုးက အိမ်ခြံမြေ၊ လယ်ယာမြေများနှင့် ပတ်သက်ပြီး ဒေသခံပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေး ဟောပြောပြီး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးသက်လွင်က ရာသီအလိုက် သီးနှံစိုက်ပျိုးရိတ်သိမ်းမှု၊ အထွက်တိုးသီးနှံစိုက်ပျိုးမှုနှင့် မိမိတို့ဌာနမှ တောင်သူများ အမြဲမပြတ် ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ခင်းများနှင့် ပိုးမွှားအန္တရာယ် ကာကွယ်ပုံနည်းစနစ်များ၊ တန်ဖိုးနည်း သဘာဝမြေသြဇာ ပြုလုပ်အသုံးပြုပုံများအား ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မအူပင်ဆိပ်ကျေးရွာအုပ်စုရှိ ဒေသခံတောင်သူ (၆၀) ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)