ဟင်္သာတ မေ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဓာတ်မြေဩဇာ လျှော့ချသုံးစွဲရေး တောင်သူအသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့က ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦလှိုင်ထွန်းက အဖွင့်အမှာစကား တက်ရောက်ပြောကြားခဲ့သည်။ ဆက်လက်၍ ဟင်္သာတခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်လှကြည်က ယခုလိုဓါတ်မြေဩဇာလျှော့ချသုံးစွဲရေး တောင်သူအသိပညာပေး ဆွေးနွေးပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြေအသုံးချရေးတာဝန်ခံ ဦးထင်ကျော်ဦးမှလည်းကောင်း၊ ဒေါက်တာခင်လဲ့ဦးမှလည်းကောင်း၊ မျိုးစေ့တာဝန်ခံ ဒေါက်တာပန်းအိဖြူမှလည်းကောင်း၊ သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်မြင့်မြင့်နွယ်တို့ကလည်းကောင်း ဓါတ်မြေဩဇာ လျှော့ချသုံးစွဲရေးအတွက် တက်ရောက်လာသော တောင်သူများနှင့် ကိုယ်စားလှယ်များအား အသီးသီး အသိပညာပေး ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဌာနဝန်ထမ်းများ၊ တောင်သူများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ရာ ဦးဆောင်ဆွေးနွေးကြသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)