ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပုသိမ် မေ ၂၈

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်  စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ(၂၇)ရက်နေ့ ညနေပိုင်းကပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “စိုက်ပျိုးရာသီကိုရောက်ရှိလာပြီဖြစ်၍ တောင်သူများအနေဖြင့် လယ်ယာမြေများတွင် ထွန်ယက်စိုက်ပျိုးရေးလုပ်ငန်းများကို စတင်လုပ်ဆောင်နေကြပြီ ဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသည့် သွင်းအားစုများအား တောင်သူများထံသို့ ထိထိရောက်ရောက်ပံ့ပိုးနိုင်ရေးနှင့် အရည်အသွေး ကောင်းမွန်သည့် သွင်းအားစုများ အချိန်မီရောက်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာနှင့်ပဲပုပ်များကို ပိုမိုတိုးချဲ့စိုက်ပျိုးကြရမည်ဖြစ်ပါကြောင်း၊ နေကြာစိုက်ပျိုးရာတွင် ဝတ်မှုန်ကူးခြင်းလုပ်ငန်းကို အထောက်အကူပြုစေမည့် ပျားမွေးမြူရေး လုပ်ငန်းကိုလည်း ဆောင်ရွက်သွားရန်လိုပါကြောင်း၊ ကော်ဖီသီးနှံစံပြစိုက်ခင်းများထူထောင်၍ ဒေသနှင့်ကိုက်ညီသည့် ကော်ဖီသီးနှံများကို ဖြစ်ထွန်းနိုင်သည့်နေရာများတွင် တအုပ်တမ တိုးချဲ့စိုက်ပျိုးကြရမည် ဖြစ်ပါကြောင်း၊ စီးပွားဖြစ် စိုက်ခင်းများအဖြစ် အကောင်အထည်ဖော်ရန် လုပ်ငန်းရှင်များ ဖိတ်ခေါ် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မွေးမြူရေးဇုန်များကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ စိုက်ဧကစာရင်းများမှန်ကန်ရေး၊ သီးနှံအထွက်နှုန်းများမှန်ကန်ရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)