အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းမိသားစုဝင်များ၊ ပြည်သူများ လှိုက်လှဲစွာကြိုဆို

ခိုလမ် မေ ၂၆

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဖယ်ခုံမြို့နယ်နှင့် လွိုင်ကော်မြို့နယ်၊ လောပိတရေအားလျှပ်စစ် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ အမှတ်(၆၆)ခြေလျင်တပ်ရင်း၌ ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ပါဝင်တက်ရောက်ဂုဏ်ပြု ကြိုဆိုကြသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့်အသက် အိုးအိမ်စည်းစိမ်ဥစ္စာလုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို နေ့မအားညမနား စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက အောင်သပြေခက်များဖြင့်လည်းကောင်း၊ ဘင်ခရာအဖွဲ့၊ တိုးနယားအက၊ အိုးစည်ဒိုးပတ်အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြုခဲ့ကြပြီး တာဝန်ရှိသူတစ်ဦးမှ ဂုဏ်ပြုအမှာစကားပြောကြားကာ အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ဇင်(ခိုလမ်၊ ပြန်/ဆက်)