စစ်ကိုင်း မေ ၂၃
စစ်ကိုင်းခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (ဓမ္မဒူတမောင်မယ်ဆောင်)၌ ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်ညွန့်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများသို့ စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျောင်းများမှ ကျောင်းသား/ ကျောင်းသူ (၃၈)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး (ထက်၊ လယ်၊ မူ)ဆင့် ပန်းချီပြိုင်ပွဲတွင် ၁၇ ဦး၊ (ထက်၊ လယ်၊ မူ)ဆင့် ကာတွန်းပြိုင်ပွဲတွင် ၇ ဦးနှင့် (ထက်၊ လယ်၊ မူ)ဆင့် ပိုစတာပြိုင်ပွဲတွင် ၁၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)