ပေါင်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ပေါင် မေ ၂၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝါရီရူခန်းမတွင်ပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးချမ်းမုံ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းခိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်း‌အောင်က နိုင်ငံတော်၏ မူဝါဒလမ်းညွှန်ချက်နှင့်အညီ ၂၀၂၆ ခုနှစ် ဧပြီလ (၂၀) ရက်နေ့မှစတင်ပြီး လုပ်ငန်းများစတင်ခဲ့ရာ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့လုပ်ငန်းများကို အရှိန်အဟုန်မပျက် ရာနှုန်းပြည့်ပြီးစီးမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ တင်ပြပေးပါရန်နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ကျေးရွာပြည်သူများ၏ လိုအပ်ချက်များ တင်ပြကြရန် အမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာများက စီမံကိန်းလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ တင်ပြခဲ့သည်။ ဆက်လက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်များအလိုက် ပညာရေး၊ ကျန်းမာရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ လျှပ်စစ်မီးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ တင်ပြခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)