လွိုင်ကော် မေ ၂၁
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လုံခြုုံရေးအခြေအနေအရ ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအနက် ပြည်လည်ဖွင့်လှစ်၍ရသည့်ကျောင်းများကို ယခု ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းအပ်လက်ခံပြီး ပြန်လည်ဖွင့်လှစ်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းများဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေါဆန်းဘွန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ ရောက်ရှိကာ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေး ရပ်ရွာနေပြည်သူများနှင့် ဆရာ ဆရာမများက ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာသင်ကြားနိုင်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ဆရာ ဆရာမ အင်အားလုံလောက်စွာခန့်အပ်ထားနိုင်ရေး၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံစွာရရှိရေးနှင့် လျှပ်စစ်မီးရရှိရေးဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွာတန်းရှည်ရပ်ကွက် အမှတ် (၇) အခြေခံပညာမူလတန်းကျောင်းနှင့် မိုင်းလုံး (ခ) ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်၍ ကျောင်းဖွင့်လှစ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ထိခိုက်ပျက်စီးသည့် စာသင်ဆောင်များပြန်လည်ပြင်ဆင်ရေးနှင့် ကျောင်းသုံးပရိဘောဂများ ပြန်လည်ဖြည့်တင်းနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင်သာယာလှပရေး၊ သောက်သုံးရေရရှိရေးအတွက် တာဝန်ရှိသူများနှင့် လိုအပ်သည်များပေါင်းစပ်ညှိနှိုူင်းပေးခဲ့သည်။ ထို့နောက် ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက်ရှိသည့် မိုင်းလုံးရပ်ကွက်နေ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားခဲ့သည်။
ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လွိုင်ကော်မြို့တွင် ယနေ့နံနက်က ကျောင်းအပ်နှံရေးရက်သတ္တပတ်အကြိုလှုပ်ရှားမှုအဖြစ် အခြေခံပညာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အသင်းအဖွဲ့များ ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး လှုံ့ဆော်အသိပညာပေးလက်ကမ်းစာစောင်များကို သီရိမင်္ဂလာဈေးနှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)