ကော့ကရိတ် မေ ၂၁
မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် စပ်လျဉ်၍ အသိ၊ သတိ ရှိစေရန် ရည်ရွယ်ပြီး မီးသတ်ဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ကော့ကရိတ်မြို့၊ အမှတ်(၆) ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် ကယ်ဆယ်ရေးပစ္စည်းများ ခင်းကျင်းပြသ ခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ကော့ကရိတ် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဇော်က မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မီးသတ်ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက အချိန်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ချက်များ၊ အရေးပေါ်ဖုန်းနံပါတ်များ၊ ကယ်ဆယ်ရေးပစ္စည်းများ၏ အသုံးပြုရသည့် နည်းလမ်း များကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မျိုးဝင်းက ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့နှင့် ပတ်သက်သည့် အကြောင်းအရာတို့ကို ဟောပြောခဲ့ပြီး ခင်းကျင်းပြသထားသည့် ကယ်ဆယ်ရေးပစ္စည်းများကို အသိပညာပေး ဟောပြောပွဲ တက်ရောက်လာသည့် ပြည်သူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)