လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ ပိုစတာစိုက်ထူ

လှိုင်းဘွဲ မေ ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ ပိုစတာကို ယနေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှေ့နှင့် အခြေခံပညာကျောင်းများ အသီးသီးတွင် စိုက်ထူခဲ့ကြကြောင်း သိရသည်။

အဆိုပါ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးနေ့ ပိုစတာကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး ဦးစောခင်းစလေ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှေ့တွင် စိုက်ထူခဲ့ကြသည်။

ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ဝေသော ပညာရေးဆောင်ပုဒ်၊ အခြေခံပညာကျောင်း များတွင် ကျောင်းအပ်နှံရေး အစီအစဉ်ဆိုင်ရာ သိရှိရန်အချက်များ၊ အမျိုးသားပညာရေး၏ အဓိက ရည်မှန်းချက်များ၊ မြန်မာ့ပညာရေးမျှော်မှန်းချက် စသည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး အသိပညာပေး နှိုးဆော်လွှာကို ဆရာ၊ ဆရာမက ဖြန့်ဝေပေးခဲ့ကြောင်း၊ ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ (၂၅) ရက်နေ့မှ (၃၁) ရက်နေ့အထိ ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စောဒိ( ပြန်/ဆက်)