ကျောင်းသားလူငယ်များ စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန် စာဖတ်ဝိုင်းပြုလုပ်

လိပ်သို မေ ၂၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ နွေရာသီအားလပ်ချိန် စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်အတွက် စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားသော “ဥပစာကမ္ဘာကြီးထဲမှာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာဖတ်ခြင်းဖြင့် တွေးခေါ်‌မြှော်မြင်နိုင်စွမ်း၊ အမှားအမှန်ကို မိမိကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်းရှိသော အကျိုးကျေးဇူးများ ရရှိလာမည် ဖြစ်သည့်အတွက် စာပေများဖတ်ရှုလေ့လာရန်လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ 

ထို့နောက် ကျောင်းသား/ကျောင်းသူလူငယ်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Grade-8 ကျောင်းသူ နော်သဇင်နွယ်က “ဘာသာစကား ကုန်သေတ္တာ၊ အဓိပ္ပါယ် ကုန်ပစ္စည်း" ခေါင်းစဉ်အောက်မှ ကျွန်ုပ်တို့၏ လူမှုဝန်းကျင်တွင် အချိန်သည် ပိုက်ဆံငွေကြေးကဲ့သို့ပင် အဖိုးတန်လူသုံးကုန်ပစ္စည်းလိုဖြစ်နေကြောင်း၊ ရည်ရွယ်ချက်ပန်းတိုင် ရောက်ရန်အတွက် အကန့်အသတ်ဖြင့် စီမံခန့်ခွဲအသုံးပြုရသော အရင်းအမြစ်လည်းဖြစ်ကြောင်း စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားသော “ဥပစာကမ္ဘာကြီးထဲမှာ” စာအုပ်အား ဖတ်ရှုခြင်းဖြင့် ဘာသာစကားနယ်ပယ်တွင် နှစ်သက်ဖွယ် စာပေအသုံးအနှုန်းများနှင့် ဝေါဟာရကြွယ်ဝပြီး အနက်အဓိပ္ပာယ်ပြည့်ဝသော ဥပစာအသုံးအနှုန်းများကို လေ့လာနိုင်မှာဖြစ်ကြောင်း သိရသည်။

နော်ဖလောရင်း (ပြန်/ဆက်)