ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်း အခမ်းအနားနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်များကို ဆန်းစစ်စီမံခြင်း အခမ်းအနားတက်ရောက်

စစ်တွေ မေ ၂၀

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှဆောင်ရွက်သော တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်း အခမ်းအနားနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်များကို ဆန်းစစ်စီမံခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်များနှင့် ယာယီနေရပ်စွန့်ခွာစခန်း (၅၄) ခုမှ တိုင်းရင်းသားများတက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသအတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးအားလုံး၏ အကျိုးစီးပွားကို ဥပဒေနှင့်အညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းအစီအစဉ်သည် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၏ အဓိကအရေးပါသည့် ဥပဒေနှင့် နည်းဥပဒေများ၊ မူဝါဒများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်၊ တိုင်းရင်းသားများအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနှင့် မျိုးချစ်စိတ်ဓာတ်မြင့်မားရေးအတွက် ရည်ရွယ်၍လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားများအနေဖြင့် ဥပဒေကို သိရှိနားလည်မှသာ မိမိတို့၏အခွင့်အရေးကို မှန်မှန်ကန်ကန်တောင်းဆိုပြီး အကာအကွယ်ယူနိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများအနေဖြင့် မိမိတို့တိုင်းရင်းသားလူမျိုးများ၏ ရပိုင်ခွင့်အခွင့်အရေးများကို သိရှိနားလည်သဘောပေါက်နိုင်မည့်အပြင် အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းသူများအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေးအသိပညာများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများရရှိစေရန်နှင့် ဗလငါးတန်ပြည့်ဝသည့် တိုင်းရင်းသားလူငယ်များဖြစ်လာစေရန်အတွက် သက်ဆိုင်ရာဌာနများကလည်း ပါဝင်ဟောပြောဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် အသိပညာရှိရုံဖြင့်မလုံလောက်ဘဲ လက်တွေ့ကျသည့် အသက်မွေးဝမ်းကျောင်းအတတ်ပညာရပ်များလိုအပ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားများ လက်ရှိလိုအပ်ချက်အခြေနေမှန်များကို သိရှိနိုင်ရန်အတွက် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်ဆိုင်ရာ စစ်တမ်းကောက်ယူခြင်းအစီအစဉ်ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စစ်တမ်းရလဒ်များအပေါ်မူတည်ပြီး မိမိတို့အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်များကို ဆန်းစစ်စီမံခြင်းအတွက် ချီးမြှင့်ငွေကျပ် (၇၂) သိန်းအားပေးအပ်ရာ ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက လက်ခံရယူပြီး ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက အသိပညာပေးဟောပြောပွဲဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့တက်ရောက်လာကြသော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်များနှင့် ယာယီနေရပ်စွန့်ခွာစခန်း (၅၄) ခုမှ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မေလ ၁၈ ရက်နေ့ ညနေပိုင်းက စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး သတင်းပတ်မတိုင်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ သင်ရိုးညွှန်းတန်းစာအုပ်များ ရောက်ရှိပြင်ဆင်ထားရှိမှုနှင့် ရေစီးရေလာကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကြပြီး ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများရောက်ရှိနေမှုနှင့် ကျောင်းအတွက်လိုအပ်ချက်များကို လိုက်လံရှင်းလင်းတင်ပြကြသည်။ ထိုသို့ လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်အတွက် ဆရာ၊ ဆရာမအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ခြင်း အစီအစဉ်များကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ကျောင်းအပ်နှံရေးနေ့သတင်းပတ်မတိုင်မီ အခြေခံပညာကျောင်းများအားလုံး အသင့်ဖြစ်စေရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် ရေအိမ်များစနစ်တကျ ကောင်းမွန်စွာအသုံးပြုနိုင်ရေး၊ စာသင်ခန်းများအားလုံး အမိုးအကာလုံခြုံရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ ဆိုလာစနစ်ဖြင့် လိုအပ်သောလျှပ်စစ်မီးရရှိအသုံးပြုနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် အရိပ်ရပင်များအား အောက်ခြေရှင်းအလင်းဖွင့်ခြင်း ဆောင်ရွက်သွားကြရန် စစ်တွေမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး၊ အကြောင်းအမျိုးမျိုးကြောင့် ပြင်ပရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ စာသင်ခန်းသို့ရောက်ရှိစေရေးတို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာမူလတန်းကျောင်း (လမ္မတော်တောင်)၊ အမှတ် (၆) အခြေခံပညာအလယ်တန်းကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း (ရွာကြီးမြောက်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေသင်္ဘောကျင်းသို့ သွားရောက်၍ သင်္ဘောကျင်းအတွင်း ယခင်ကသင်္ဘောများလွန်းတင်ခဲ့မှု၊ လွန်းကျင်းလမ်းများအခြေအနေနှင့် ပြည်တွင်းရေကြောင်းသွား သင်္ဘောများအား ထိန်းသိမ်းထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆတ်ရိုးကျချောင်း၏ ရေစူးအခြေအနေများအား ကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)