ကယားပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

လွိုင်ကော် မေ ၂၀

ကယားပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ပြည်နယ်အားကစားကွင်း ရုံအမှတ် (၃) ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်ကစားသမားများ၊ အုပ်ချုပ်သူနည်းပြများ၊ ကျောင်းသား ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်အားပေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့် အားကစားဝါသနာရှင်ပရိသတ်များက ထေးသမအသင်းနှင့် သတ္တပလူအသင်းတို့၏ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားမှုကို တစ်ခဲနက်ကြည့်ရှုအားပေးခဲ့ကြပြီး ထေးသမအသင်းက သတ္တပလူအသင်းကို သုံးပွဲအနိုင်ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဒိုင်အဖွဲ့၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုနှင့် ရိုက်ချက်အကောင်းဆုံးကစားသမားများကို ငွေသားဆုနှင့် ဆုတံဆိပ်များကိုလည်းကောင်း၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌက တတိယဆုရရှိသည့် လင်ဖုံလေး (က) အသင်းအားလည်းကောင်း၊ ပြည်နယ်တရားသူကြီးချုပ်က ဒုတိယဆုရရှိသည့် သတ္တပလူအသင်းအားလည်းကောင်း တစ်ဦးချင်းငွေသားဆုနှင့် ဆုတံဆိပ်များကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရရှိသည့် ထေးသမအသင်းမှ ကစားသမားတစ်ဦးချင်းစီအား ဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ရာ အားကစားသမားများက လက်ခံရယူခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်က ဆုရကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူများ၏ လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရန် ယနေ့နံနက်က ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်သုံးရပ်မှ ကိုယ်စားလှယ်များသည် ထေးသမရပ်ကွက်၊ ချိကယ်ကျေးရွာအုပ်စုနေ ပြည်သူများနှင့်တွေ့ဆုံသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းခန်းမ၌ ထေးသမရပ်ကွက်၊ ချိကယ်ကျေးရွာအုပ်စုနေ ပြည်သူများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် အစိုးရသစ်အနေဖြင့် ရက် (၁၀၀) ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်း၊ မြေပြန်လည်တိုင်းတာပေးခြင်း၊ မြို့သန့်ရှင်းရေးအတွက် အမှိုက်သရိုက်ကင်းစင်ရေး၊ ရေစီးရေလာကောင်းမွန်ရေးများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အတွင်း ပြည်သူများ၏လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများအောင်မြင်စေရေး တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍတွင် လုံခြုံရေးအခြေအနေကြောင့် ယခင်နှစ်က မဖွင့်လှစ်နိုင်သည့် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေသလို တန်းစဉ်ကူးပြောင်းမှုမြင့်မားရေးနှင့် ကျောင်းပြင်ပ ပညာရေးဖော်ဆောင်နိုင်ရေးတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကဏ္ဍအတွက် ဆေးရုံများပြန်လည်တိုးချဲ့ဖွင့်လှစ်နိုင်ရေး ကြိုးစားဆောင်ရွက်နေပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် ပြည်နယ်အတွင်းတည်ငြိမ်အေးချမ်းရေးသည် အရေးကြီးပါသဖြင့် ငြိမ်းချမ်းရေးအတွက်လည်း ဖိတ်ခေါ်ဆောင်ရွက်ထားပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်သုံးရပ်မှ ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့်ပြည်သူများက ရပ်ရွာအတွက်လိုအပ်ချက်များ၊ ဖြည့်ဆည်းပေးရန်များကို တင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကတင်ပြမှုများအပေါ် ဆောင်ရွက်ပေးနိုင်မည့်အခြေအနေအား ပြန်လည်ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ တက်ရောက်လာသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)