ဘားအံ မေ ၂၀
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ မေလ ၁၉ ရက်နေ့နံနက်ပိုင်းက ပညာရေးဒီဂရီကောလိပ်(ဘားအံ)နှင့် ဘားအံတက္ကသိုလ်ပတ္တမြားနယ်မြေအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံပညာရေးဒီဂရီကောလိပ်ရှိ (၁၇၉ ပေx၃၆ ပေ) သင်တန်းသူ (၂၀၀) ဆံ့ (၄) ထပ် RC အိပ်ဆောင် (ရေချိုးခန်း၊ သန့်စင်ခန်း) အပါ တည်ဆောက်ခြင်း လုပ်ငန်း ၈၀ ရာခိုင်နှုန်းဖြင့် ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပညာရေးဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီးနှင့် တာဝန်ယူတည်ဆောက်သည့် မာန်မြင့်ဟိန်းကုမ္ပဏီမှ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အမြန်ဆုံးတည်ဆောက်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြား၍ ဘားအံပညာရေး ဒီဂရီကောလိပ် ဘောလုံးအားကစားကွင်း မိုးရာသီတွင် ရေဝပ်မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး သင်တန်းသား၊ သင်တန်းသူများ စိတ်အေးချမ်းသာစွာ အားကစားလေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံတက္ကသိုလ် ပတ္တမြားနယ်မြေရှိ (၆)ခန်းတွဲ(၃)ထပ် (၁၁၄ပေ x ၄၀ပေ) ဆရာ၊ ဆရာမ အိမ်ရာတည်ဆောက်ခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက ဘားအံတက္ကသိုလ် ငုရွှေဝါနယ်မြေနှင့် ပတ္တမြားနယ်မြေတို့တွင် ယခုနှစ်အတွင်းပါရှိသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ဆရာ၊ ဆရာမအိမ်ရာနှင့် ဘောလုံးအားကစားကွင်းတို့အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ၂၀၂၆ ခုနှစ်၊ (၁၄) ကြိမ်မြောက် နွေရာသီရာမညနိကာယမွန်စာပေနှင့် ဗုဒ္ဓယဉ်ကျေးမှု ဆုပေးပွဲအခမ်းအနားကို ဘားအံမြို့၊ အိန္ဒုမွန်ကျောင်းကြီး၌ကျင်းပရာ မွန်စာပေနှင့် ဗုဒ္ဓယဉ်ကျေးမှု အသင်းနာယက အိန္ဒုမွန်ကျောင်း ဆရာတော်ဘဒ္ဒန္တဝါယမအမှူးပြုသော ထေကြီးဝါကြီး ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဆရာတော်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဧည့်ပရိတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့သည် အိန္ဒုမွန်ကျောင်းဆရာတော် ဘဒ္ဒန္တဝါယမထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အစိုးရ အနေဖြင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားရေးလက္ခဏာနှင့် သမိုင်းအမွေ အနှစ်တို့ကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့်တိုင်းရင်းသားလူမျိုးများ၏ လူမှုဘဝမြင့်မားရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်လမ်းပန်းဆက်သွယ်ရေးစသည့် လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်မှလိုအပ်သည့် အကူအညီအထောက်အပံ့များကို နှစ်စဉ်ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိကြောင်း၊ မတူကွဲပြားမှုများသည် အရောင်အသွေးစုံလင်လှပသော အလှတရားများပင်ဖြစ်ပြီး ပြည်ထောင်စုကြီး ငြိမ်းချမ်းစွာထာဝစဉ်တည်မြဲရန်အတွက် တိုင်းရင်းသားအားလုံး စည်းလုံး ညီညွတ်စွာနှင့် ရင်းနှီးချစ်ကြည်စွာ အတူလက်တွဲ နေထိုင်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီမွန်စာပေနှင့် ဗုဒ္ဓယဉ်ကျေးမှုဆုပေးပွဲအတွက် ငွေကျပ် ၃၀၀ သိန်းကို အိန္ဒုမွန်ကျောင်းဆရာတော်ထံ ဆက်ကပ်လှူဒါန်းရာ ဆရာတော်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြွရောက်တော် မူကြသော ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)