ကမမောင်း မေ ၁၉
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ရှိပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးနှင့်စပ်လျဉ်း၍ အသိ၊ သတိရှိစေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ဖာပွန်ခရိုင်မီးသတ်ဦးစီးဌာနနှင့် ကမမောင်းမြို့စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဈေးတာဝန်ခံ၊ ဈေးသူဈေးသားများနှင့်အတူ သံလွင်ဦးမြို့မဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြပွဲကို ကျင်းပသည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြပွဲ သို့ ဖာပွန်ခရိုင်မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်အောင်၊ ကမမောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဦး၊ ကမမောင်းမြို့စည်ပင်သာယာရေးအဖွဲ့၊ မြို့ဦးစီးမှူး ဦးဇေယျာထွန်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဈေးသူ/ဈေးသားများ ပါဝင်တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဖာပွန်ခရိုင်မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်အောင်က ဈေးသူ၊ ဈေးသားများအနေဖြင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရမည့် အချက်များ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မီးသတ်ဆေးဘူးသုံးစွဲပြီး အလျင်အမြန် မီးငြိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးသုံးစွဲပုံ နည်းစနစ်များကို ရှင်းလင်းပြောကြားပေးပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးအား စနစ်တကျကိုင်တွယ်အသုံးပြုပုံကို လက်တွေ့သရုပ်ပြသပေးပြီး ဌာနဆိုင်ရာများ၊ ဈေးသူ/ဈေးသားများနှင့်အတူသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ကမမောင်း (ပြန်/ဆက်)