လွိုင်ကော်မြို့၌ FDA ခွင့်ပြုချက်မရှိသော ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေး

လွိုင်ကော် မေ ၁၉

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ပြည်သူ့အတွက် ရက် (၁၀၀) စီမံချက်ဖြင့် FDA ခွင့်ပြုချက်မရှိသောကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေး၌ MLV နယ်လှည့်ဓာတ်ခွဲယာဉ်ဖြင့် မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် ပြည်နယ်အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိန်းက ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သော အစားအသောက်များကိုသာ ရောင်းချရန်၊ တရားမဝင် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်များအား ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးရဲမိုးဦးက အစားအသောက်နမူနာများအား MLV နယ်လှည့်ဓာတ်ခွဲယာဉ်ဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းသို့ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများလိုက်ပါ၍ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်များ၊ စားသောက်ကုန်များ၊ သောက်ရေသန့်လုပ်ငန်းများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

မေစု(ပြန်/ဆက်)