ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

လွိုင်ကော် မေ ၁၈

လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်က ပညာရေးဒီဂရီကောလိပ်၊ ကယားသဇင်ခန်းမဆောင်၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ သင်တန်းသား သင်တန်းသူများက “အာစရိယဂုဏောအနန္တော” သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေနှင့် ပညာရေးကဏ္ဍတိုးတက်မြင့်မားရန်အတွက် အရည်အချင်းပြည့်ဝသည့် ဆရာ ဆရာမများဖြစ်လာစေရန် ယခုကဲ့သို့ သင်တန်းများကို အလေးထားဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်း၊ ပညာရေးကဏ္ဍကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန် ကြိုးပမ်းနေချိန်တွင် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် အဓိကကျပါကြောင်း၊ လျင်မြန်စွာပြောင်းလဲတိုးတက်နေသည့် နည်းပညာများနှင့်အတူ ပညာရေးကဏ္ဍသည်လည်း အမြဲတိုးတက်ပြောင်းလဲနေသည့်အတွက် ဆရာ ဆရာမများအနေနှင့် တစ်သက်တာသင်ယူသူများအဖြစ် မိမိကိုယ်ကိုအမြဲမြှင့်တင်နေရန် အရေးကြီးပါကြောင်း၊ နိုင်ငံတော်မှ နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့ဆိုသည့်ဆောင်ပုဒ်နှင့်အညီ အဖက်ဖက်မှ ဖြည့်ဆည်းပံ့ပိုးဆောင်ရွက်ပေးနေပြီး ပြည်နယ်အစိုးရအနေနှင့်လည်း ပြည်နယ်၏ ပညာရေးနောက်ကျကျန်ရစ်မှုမရှိစေရေး အလေးထားဖြည့်ဆည်းပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသားသင်တန်းသူများအနေနှင့်လည်း မိမိတို့ရရှိထားသည့် အသိပညာ၊ အတတ်ပညာများကိုအသုံးချပြီး ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ကြမည်ဟုယုံကြည်ကြောင်း စသည်ဖြင့်ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း သင်တန်းသား၊ သင်တန်းသူများအတွက် ချီးမြှင့်ငွေများပေးအပ်ရာ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများက “ထာဝရသစ္စာ” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ကပြဖျော်ဖြေခဲ့သည့်အဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားခဲ့သည်။

ကယားပြည်နယ်တွင် ဖွင့်လှစ်သည့် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း အမှတ်စဉ် (၁) တွင် သင်တန်းသား (၁၉၂) ဦး၊ အမှတ်စဉ် (၂) တွင် သင်တန်းသား (၄၅) ဦး စုစုပေါင်း သင်တန်းသား (၂၃၇) ဦး တက်ရောက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)