စစ်ကိုင်းမြို့တွင် ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ဆောင်ရွက်ပေး

စစ်ကိုင်း မေ ၁၈

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ရက် ၁၀၀ (လမင်း)စီမံချက်ဖြင့် စစ်ကိုင်းမြို့ ထုံးဘိုရပ်ကွက်ဓမ္မာရုံ၌ ယမန်နေ့နံနက်ပိုင်းက နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသော ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် စစ်ကိုင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလေးမောင်နှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသော ပြည်သူများနှင့် ၁၀ နှစ်အထက် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ရက် ၁၀၀ (လမင်း)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းတင့်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ကြည့်ရှုအားပေးခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

အေးငြိမ်းစံ(ပြန်ဆက်)