မြဝတီ မေ ၁၈
မြဝတီမြို့တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး၊ အထိအခိုက် ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက် ၉း၀၀ နာရီက အမှတ်(၁)ရပ်ကွက်ရှိ ဘောလုံးကွင်းတွင် သဘာဝဘေးအရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး (လူ၊ ပစ္စည်း၊ ယန္တယား) စုဖွဲ့မှုနှင့် သဘာဝဘေးဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြဝတီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ချင်းနှင့် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းတို့က အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူး ဦးဉာဏ်မြင့်မှ သဘာဝဘေး အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ယာယီခိုလှုံရာ ကယ်ဆယ်ရေးစခန်း(၁၁)ခု၏ တာဝန်ခံမြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာသည့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးလုပ်ငန်းနှင့် ဆောင်ရွက်ပေးမည့် အစီအစဉ်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သဘာဝဘေးအရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး (လူ၊ ပစ္စည်း၊ ယန္တယား) စုဖွဲ့မှုနှင့် သဘာဝဘေး ဇာတ်တိုက်လေ့ကျင့်ခြင်းအစီအစဉ်အား ဆက်လက်ကျင်းပခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ချင်း၊ ခရိုင်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ် ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များက သဘာဝဘေးအရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး (လူ၊ ပစ္စည်း၊ ယန္တယား)စုဖွဲ့ထားရှိမှုနှင့် ရှာဖွေကယ်ဆယ်ရေး စုရပ်များအားလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော မြစ်ရေကြီးနိုင်မှု အခြေအနေအား သောင်ရင်းမြစ်အတွင်း စက်လှေဖြင့် သတိပေးချက် ထုတ်ပြန်ကြေညာခြင်းကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့နှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ သောင်ရင်း မြစ်အတွင်းရှာဖွေ/ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ရေနစ်မြုပ်သူနှင့် ဒဏ်ရာရရှိသော လူနာများ၊ အရေးပေါ်လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် လူနာတင်ယာဉ်ဖြင့် မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခြင်းစသည့် ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)