ကျွန်းလှ မေ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးကြရာ ခရမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ခရမ်းစိုက်တောင်သူများထံမှ သိရသည်။
“ကျွန်းလှမြို့နယ်မှာ စားဖိုဆောင်သီးနှံများအနက် ခရမ်းကို ခရမ်းအညိုသီးနဲ့ ခရမ်းအဖြူသီးများ စိုက်ပျိုးကြပါတယ်။ ကျွန်တော်ဒီနှစ်နွေရာက ချောင်းရေတင်ပြီး ခရမ်းအဖြူသီး (ပဒေသာ) မျိုးအပင် ၈၀၀ ကျော်စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းနေပါတယ်။ ခရမ်းစိုက်ပျိုးရာမှာ မြေဘောင်ပြုလုပ်ပြီး သဘာဝမြေဩဇာ ထည့်သွင်းအသုံးပြုပါတယ်။ အခုခါ ခရမ်းသီးများ နှစ်ရက်ခြားတစ်ခါကောက်ရင် ပိဿာချိန် ၇၀ မှ ၁၀၀ထိကောက်ယူရရှိပါတယ်။ အခုလက်ရှိ ခရမ်းသီးတစ်ပိဿာ ငွေကျပ် ၁၀၀၀ ဈေးရောင်းရပါတယ်။ မိုးရာသီမှာ တိုးချဲ့စိုက်ပျိုးဖို့ ပြင်ဆင်ထားပါတယ်” ဟု ရှမ်းစုကျေးရွာ ခရမ်းစိုက်တောင်သူဦးနိုင်ကြီးက ပြောသည်။
ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်သီးနှံများကို ချောင်းရေ၊ မြေအောက်ရေ၊ မြောင်းရေတင်ပြီး ယာမြေများနှင့် နေအိမ်ခြံဝင်းများ၌ စိုက်ပျိုးကြပြီး မိသားစုအတွက် ဝင်ငွေရရှိနေကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ