ဘားအံ မေ ၁၈
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က)ဘားအံဇုန်ပွဲစဉ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုဘောလုံးအသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် တာဝန်ရှိသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က မေလ ၁၇ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ ဇွဲကပင်အားကစားကွင်းရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံအားပေး အမှာစကား ပြောကြားသည်။
ဦးစွာ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က)ဘားအံဇုန်မှ ကရင်ပြည်အသင်း၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့်စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်အားကစားသမားများအား အသက်အရွယ်ကျော်လွန်မှု မရှိစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ စစ်ဆေးခြင်း ID (UID) ကုတ်စနစ်ဖြင့် စနစ်တကျ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် တာဝန်ရှိသူများအား တွေ့ဆုံအားပေးအမှာစကား ပြောကြရာ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က) ပွဲစဉ်များကို ကရင်ပြည်နယ် ဘားအံမြို့၌ ကျင်းပပြုလုပ်ခွင့်ရရှိသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြိုင်ပွဲဝင်အသင်းများမှ ကရင်ပြည်နယ်သို့ရောက်ရှိ နေထိုင်စဉ်အတွင်း တိုင်းရင်းသားညီအစ်ကိုများ၏ ချစ်ခင်စရာကောင်းသည့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို ဒေသန္တရ ဗဟုသုတများအဖြစ် သွားရောက်လေ့လာစေလိုကြောင်း ပြိုင်ပွဲဝင်အသင်းများ နေထိုင်သွားလာ စားသောက်မှုအဆင်ပြေစေရေးအတွက် ကြိုတင်စီမံဆောင်ရွက် ထားရှိပါကြောင်း ပြိုင်ပွဲအား စိတ်အေးချမ်းသာစွာဖြင့် ယှဉ်ပြိုင်ကစားနိုင်ပါစေကြောင်း ပြောကြားသည်။
ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန နေပြည်တော်(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်က အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အုပ်စုဇုန်များအလိုက်သတ်မှတ်ပြီး ပြိုင်ပွဲများကျင်းပ ပြုလုပ်ရခြင်းနှင့်ပတ် သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပြိုင်ပွဲဝင်အသင်းများ တည်းခိုနေထိုင်စားသောက်ရေး၊ ကျန်းမာရေးကိစ္စရပ်များနှင့် သွားလာပို့ဆောင်ရေးဆိုင်ရာများအား ကြိုတင်စီမံဆောင်ရွက် ထားမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် တာဝန်ရှိသူများက ဆွေးနွေးတင်ပြရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု(က)ဘားအံဇုန်အား မေလ(၁၉)ရက်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် စတင်၍ မေလ ၂၆ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး အုပ်စုပွဲစဉ်အပြီး ရှုံးထွက်ပွဲစဉ်များကို ရန်ကုန်တိုင်းဒေသကြီးတွင် ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရသည်။
ပြည်နယ်(ပြန်/ဆက်)