လယ်ဝေး မေ ၁၈
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဖွင့်လှစ်သည့် လူထုကျန်းမာရေးလုပ်သားသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ပြည် သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆွေဇင်ဝင်း၊ ဒုတိုင်းဦးစီးမှူး ဒေါက်တာလှိုင်လှိုင်ဌေး ခုတင်-၁၀၀ ဆေးရုံအုပ် ဒေါက်တာနန္ဒာကျော်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထွန်းနှင့်တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆွေဇင်ဝင်းက အမှာစကားပြောကြားရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များဖြစ်သည့် လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာနေထိုင်နိုင်ရေး၊ ရောဂါဘယကင်းဝေးရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျေးလက်ဒေသအောက်ခြေအထိ ပြည်သူလူထုကိုကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါကာကွယ်နှိမ်နင်းခြင်း၊ ရောဂါဖြစ်ပွားလာပါက ထိရောက်သောကုသမှုပေးခြင်းစသည့် လုပ်ငန်းစဉ်သုံးရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူလူထုကြား ဆက်သွယ်ပေါင်းကူးထားသည့် စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အရေးပါသည့်အတွက် ရက် ၁၀၀ စီမံချက် တွင်ပါဝင်သည့် လူထုကျန်းမာရေးလုပ်သား သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ လူထုကျန်းမာရေးလုပ်သားများ အနေဖြင့်သင်တန်းဆင်း၍ အလုပ်တာဝန်အပ်နှင်းပြီးပါက မိမိတို့၏တာဝန်ဝတ္တရားများဖြစ်သည့် ကျန်းမာရေးအသိပညာပေးခြင်း၊ လူထုမှပူးပေါင်းပါဝင်လာအောင်စည်းရုံးဆောင်ရွက်ခြင်း၊ ကူးစက်/ မကူးစက်ရောဂါများကာကွယ်နှိမ်နင်းခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်စဉ် ကျန်းမာရေးလုပ်ငန်းများတွင်ကူညီဆောင်ရွက်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကုသရေးတွင်ကူညီဆောင်ရွက်ခြင်း၊ လူနာများကိုညွှန်းပို့ခြင်း၊ ကာကွယ်ဆေးထိုးရာတွင်ကူညီခြင်း၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကူညီဆောင်ရွက်ခြင်း၊ ကျန်းမာရေးဆိုင်ရာအခြေခံအချက်အလက်များကောက်ယူခြင်း၊ ဖွားသေစာရင်းကောက်ယူခြင်း၊ အစီရင်ခံစာပေးပို့ခြင်း၊ ကျန်းမာရေးထူးခြားဖြစ်စဉ်များ အချိန်မီသတင်းပေးပို့ခြင်းတို့ကို ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း စသည်ဖြင့်ပြောကြားသည်။ ဆက်လက်၍ လယ်ဝေးမြို့၊ ခုတင် ၁၀၀ ဆေးရုံအုပ်ဒေါက်တာနန္ဒာကျော်က သင်တန်းဖွင့်လှစ်သင်ကြားခဲ့မှုများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆွေဇင်ဝင်းနှင့် တာဝန်ရှိသူများက သင်တန်းသား၊သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။ အဆိုပါ လူထုကျန်းမာရေးလုပ်သားသင်တန်းကို လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၉၈ ရွာမှ သင်တန်းသား၊ သင်တန်းသူ ၁၉၈ ဦးဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင်ဧပြီ ၂၇ ရက်မှစတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တနှစ်ပတ်ဖြစ်ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)