လိပ်သိုဒေသတွင် ပေါ်ဦးပေါ်ဖျား ခြံထွက်ဒူးရင်းသီးများ ဈေးကောင်းရရှိ

လိပ်သို မေ ၁၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုဒေသရှိ တောင်သူများသည် နှစ်ရှည်ဥယျာဥ်ခြံများနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးခြင်းဖြင့် အသက်မွေး ဝမ်းကျောင်းပြုလျက်ရှိရာ ယခုကာလတွင် ခြံထွက်ဒူးရင်းသီးများ ပေါ်ဦးပေါ်ဖျား ဈေးကောင်းရရှိကြောင်း သိရသည်။

လိပ်သိုဒေသရှိ ဇလဲကျေးရွာအုပ်စု၊ ကော်ပတ်ခြံကျေးရွာ၊ မြသာကုန်းကျေးရွာ၊ ဘိုကလေး၊ အလယ်ချောင်းကျေးရွာများမှ ဒူးရင်းသီး အများဆုံးထွက်ရှိကြောင်း၊ ဒေသတွင်းရှိ ဒူးရင်းပင်များမှာ နိုဝင်ဘာလတွင် အပွင့်များစတင်ပွင့်ပြီး မေလတွင် စတင်ဆွတ်ခူးနိုင်ကြောင်း၊ အသီးများ ကောင်းမွန်စွာရင့်မှည့်မှသာ ဆွတ်ခူးရောင်းချရပြီး အပင်ပေါ်တွင်မှည့်၍ ကြွေကျသောအသီးသည် အရသာပိုမိုကောင်းမွန်ကြောင်း ဒူးရင်းစိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရသည်။

ဒေသထွက် ဒူးရင်းသီးများကို အလုံးအရွယ်အစားနှင့် အရည်အသွေးပေါ်မူတည်၍ တစ်လုံးလျှင် ကျပ် (၁၂၀၀၀) မှ ကျပ် (၄၀၀၀၀) ထိ စျေးရရှိကြောင်း၊ အဆိုပါ ဒူးရင်းသီးများကို ဒေသတွင်း၌သာမက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့်အခြားမြို့များသို့လည်း ပို့ဆောင်ရောင်းချကြကြောင်း သိရသည်။

နော်ဖလောရင်း