စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းအသီးသီးတွင် စုပေါင်းသန့်ရှင်းလုပ်ငန်းများ ဆောင်ရွက်

မုံရွာ မေ ၁၇

စစ်ကိုင်းတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းများဥပဓိရုပ် ကောင်းမွန်စေရေး၊ ကျောင်းဝင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှု ရှိစေရေး၊ ရေနှုတ်မြောင်းများရေစီးရေလာ ကောင်းမွန်စေရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန်အတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ဖွားနိုင်သည့် နေရာများအား ရှင်းလင်းခြင်းလုပ်ငန်းများကို မေလ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများက သက်ဆိုင်ရာမြို့များရှိ အခြေခံပညာကျောင်းများတွင် စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်တို့ရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးကိုလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွားရောက်၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

မကြာမီ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံမှု စတင်လက်ခံတော့မည်ဖြစ်ပါ၍ ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်း ဆောင်အဆောက်အဦများ ကြံ့ခိုင်မှုရှိစေရေး၊ ကျောင်းဝင်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကျောင်းသုံးပရိဘောဂပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိစေရေးနှင့် လိုအပ်ချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျောင်းအုပ်ကြီးများ၊ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)