မကွေး မေ ၁၇
မကွေးတိုင်းဒေသကြီးအတွင်း အခြေခံပညာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မကွေးခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများအား တွေ့ဆုံပွဲ အခမ်းအနားကို မေ ၁၅ ရက်က မကွေးမြို့ မြို့တော်ခန်းမ၌ကျင်းပသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက ကျောင်းအုပ် ဆရာ/ဆရာမကြီးများသည် မိမိတို့ကျောင်းအလိုက်စီမံခန့်ခွဲမှုကဏ္ဍတွင် အဓိကကျသူများဖြစ်၍ လာမည့်ပညာသင်နှစ်သစ်တွင်ကျောင်းနေအရွယ်ကလေးငယ်များ အားလုံးရာနှုန်းပြည့် ကျောင်းအပ်နှံရေးနှင့် အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား အသိပညာ၊ အတတ်ပညာ ပြည့်စုံရုံသာမက နိုင်ငံချစ်စိတ်နှင့် အကျင့်စာရိတ္တ ကောင်းမွန်သည့် လူတော်လူကောင်းများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန်နှင့် ယခုပညာသင်နှစ်တွင် အောင်ချက်ရာခိုင်နှုန်းတိုးတက်မြင့်မားရေးကို အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဒေါ်နွယ်နီနိုင်က ပညာရေးကဏ္ဍဆိုင်ရာ ဖြည့်ဆည်းဆောင်ရွက်ပေးမှုများနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး မကွေးခရိုင် ပညာရေးမှူးက ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ၏ အခြေအနေများ၊၂၀၂၆_၂၀၂၇ ပညာသင် နှစ်အတွက်စီမံဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းအုပ်ကြီးများက မိမိတို့ကျောင်းအလိုက် လုပ်ငန်းလိုအပ်ချက်များနှင့် ပညာရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို အထွေထွေဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းအုပ် ဆရာ/ဆရာမကြီးများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)