မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မကွေးတိုင်းဒေသကြီးကိုယ်စားပြု (U-18) အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနား တက်ရောက်

မကွေး မေ ၁

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မကွေးတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မကွေးမြို့ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်သူနည်းပြများ တက်ရောက်ကြသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက အမှာစကားပြောကြားရာ မိမိတို့တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်သည့် အားကစားသမားကောင်းများ ဖြစ်စေရေးအတွက် အားလုံးတက်တက်ကြွကြွ အားကစားစိတ်ဓာတ်အပြည့်ဖြင့် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ကြရန်၊ ပြိုင်ပွဲကာလအတွင်း စည်းလုံးညီညွတ်မှုရှိစွာဖြင့် တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများ ပီသစွာပြုမူနေထိုင်ကြရန်၊ အုပ်ချုပ်သူ၊ နည်းပြများ၏စကားနှင့် စည်းမျဉ်း/စည်းကမ်း ဥပဒေတွေကို လေးစားလိုက်နာကြရန်နှင့် နိုင်ငံလက်ရွေးစင်အားကစားသမားများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးကိုယ်စားပြု (U-18) အမျိုးသားဘောလုံးအသင်းအုပ်ချုပ်သူထံသို့ အောင်နိုင်ရေးအလံကို လွှဲပြောင်းပေးအပ်ကာ အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများအတွက် ဂုဏ်ပြုထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)