အောင်လံမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းများ၏ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ

အောင်လံ မေ ၁၆

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၃ နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ချစ်က အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်က စီမံကိန်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ရာ စမ်းကလေး (ရွာမ) ကျေးရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ် (၃၀၀) သိန်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ချစ်က လည်းကောင်း၊ ဘိုလှည် (မြစ်နား) ကျေးရွာအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေကျပ် (၁၅၀) သိန်းကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က လည်းကောင်း သက်ဆိုင်ရာကျေးရွာကော်မတီဝင်များထံသို့ အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

အဆိုပါ စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခြင်းအားဖြင့် ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေ တိုးပွားလာစေခြင်းနှင့် ကျေးရွာအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)