နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အမည်ခံအဖွဲ့ဝင် (၁၇)ဦး လက်နက်များနှင့်အတူ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်

ရွှေဘို မေ ၁၆

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ကြသူများကို လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံခြင်းကို ယနေ့တွင်အမှတ်(၈)စစ်အခြေခံလေ့ကျင့်ရေးတပ်၊ အောင်ဇေယျခန်းမ၌ ကျင်းပပြုလုပ်ရာ အနောက်မြောက် တိုင်းစစ်ဌာနချုပ်၊ ရွှေဘိုတပ်နယ် တပ်နယ်မှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက် ခဲ့ကြသည်။

ဦးစွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ရွှေဘိုတပ်နယ် တပ်နယ်မှူးနှင့် ရွှေဘိုခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က အလင်းဝင်ရောက်လာသူ လူငယ်များအား  အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ရွှေဘိုတပ်နယ် တပ်နယ်မှူးထံသို့ အလင်းဝင်ရောက်လာသူ များမှ လက်နက်များအပ်နှံခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး တာဝန်ရှိသူများက အလင်းဝင်ရောက် လာသူ ကျား (၁၅) ဦး၊ မ (၂) ဦးတို့အား  အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် EID(စမတ်ကဒ်)များ ပေးအပ်ခဲ့ကြောင်းနှင့် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲအပ် ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက် ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ထွန်းခိုင်(ပြန်/ဆက်)